International News

ကာဗွန်ကင်းစင်ရေးအတွက် ရုပ်ကြွင်းလောင်စာအစား E-fuel ကို ကျယ်ပြန့်စွာသုံးစွဲနိုင်ရေး စည်းမျဉ်းများ သတ်မှတ်သွားရန် ဂျပန်နိုင်ငံမှ ဦးဆောင်ဆွေးနွေးလျက်ရှိ

Last Updated:

ဟိုက်ဒရိုဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ဖြင့် ပြုလုပ်ထားသည့် ဓာတုလောင်စာဆီ(Synthetic Fuel) တစ်မျိုးဖြစ်သည့် e-fuel ကို ကျယ်ပြန့်စွာအသုံးပြုနိုင်ရေးအတွက်  အရည်အသွေးပြည့်ဝသည့်  စံနှုန်းသတ်မှတ်ချက်များထုတ်ပြန်ခြင်းကဲ့သို့သော နိုင်ငံတကာစည်းမျဉ်းများကို ဂျပန်နှင့်ဂျာမနီအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၁၂-၉-၂၀၂၃ ရက်နေ့ထုတ် The Japan News သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ရေနံစိမ်းအတုဟု ခေါ်ဆိုနိုင်မည့် e-fuel ကို ကာဗွန်ကင်းစင်ရေးအတွက် အဓိကထား၍ သုံးစွဲသွားမည်ဖြစ်ပြီး ရုပ်ကြွင်းလောင်စာအစားထိုးအဖြစ်လည်း သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ် ရေးနှင့် စက်မှုဝန်ကြီးက ဂျပန်နှင့် ဂျာမနီအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံနှင့်ပြုလုပ်ခဲ့သည့် နိုင်ငံတကာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံမှ ဦးဆောင်ဆွေးနွေးခဲ့ပြီး e-fuel နှင့်စပ်လျဉ်း၍ အရည်အသွေပြည့်ဝသည့် စံနှုန်းသတ်မှတ်ချက်များ သတ်မှတ်သွားရန် တက်ရောက်လာသည့်နိုင်ငံများမှ သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ထို့အတူ ဂျပန်နှင့်ဂျာမနီအပါအဝင် သက်ဆိုင်ရာနိုင်ငံများအကြား ဆွေးနွေးမှုများပိုမိုနက်ရှိုင်းစွာ စဉ်ဆက်မပြတ်ပြုလုပ်သွားရန်လိုအပ်ကြောင်းနှင့် e-fuel နှင့်စပ်လျဉ်းသည့် နည်းပညာဆိုင်ရာ ဗဟုသုတများကို မျှဝေသွားရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

၂၀၃၅ ခုနှစ်မှစတင်၍ အင်ဂျင်အသုံးပြုသည့် မော်တော်ယာဉ်များရောင်းချမှုကို အီးယူဒေသအတွင်း တားမြစ်သွားမည်ဖြစ်ကြောင်း အီးယူပါလီမန်က မူဝါဒထုတ်ပြန်ခဲ့သော်လည်း e-fuel အသုံးပြုမည့်မော်တော်ယာဉ်များကိုမူ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အီးယူမှ ပြန်လည်ဆုံးဖြတ်ခဲ့ပြီးနောက် e-fuel အသုံးပြုမှုကို ကမ္ဘာတစ်ဝန်းမှ စိတ်ဝင်စားလာကြောင်း ဖော်ပြထားပါသည်။

သို့သော် e-fuel ထုတ်လုပ်သည့်ကုန်ကျစရိတ်မှာ ဓာတ်ဆီထုတ်လုပ်သည့် ကုန်ကျစရိတ်ထက် များစွာပိုမိုကုန်ကျပြီး တစ်လီတာလျှင် ယန်း ၃၀၀ မှ ၇၀၀ အထိရှိကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချနိုင်ရေးအတွက် ပမာဏအများအပြားထုတ်လုပ်နိုင်မည့် နည်းပညာကို အသုံးပြုရန် လိုအပ်ကြောင်းလည်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်အစိုးရအနေဖြင့် ၂၀၁၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏကို ၄၆ ရာခိုင်နှုန်းလျှော့ချနိုင်ရေးနှင့် ၂၀၅၀ ပြည့်နှစ်တွင် သုညရာခိုင်နှုန်းသို့ ရောက်ရှိစေရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ကင်းစင်သည့် နိုင်ငံဖြစ်စေရေးအတွက် ရုပ်ကြွင်းလောင်စာမဟုတ်သည့် လောင်စာများအသုံးပြုမှုကို မြှင့်တင်နိုင်ရေးအတွက် The Act on Rationalizing Energy Use (Energy Efficiency Act) ကို ချမှတ်ထားခြင်းအပြင် လျှပ်စစ်သုံးယာဉ်မူဝါဒ(Electric Vehicle Policy)ကဲ့သို့သော ကာဗွန်လျှော့ချရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Japan News (၁၂-၉-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News